မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်နှစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် -
(က) လိုင်စင်မရရှိဘဲ အမဲလိုက်ခြင်း၊
(ခ) အမဲလိုက်ခွင့်လိုင်စင် စည်းကမ်းချက်တစ်ရပ်ရပ်ကို ချိုးဖောက်ခြင်း၊
(ဂ) မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် ကာကွယ်ထိန်းချုပ်သည့် တောရိုင်းတိရစ္ဆာန်ကို ခွင့်ပြုချက်မရှိဘဲ စီးပွားရေးအလို့ငှာ မွေးမြူခြင်း၊
(ဃ) သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း မြေဆီလွှာထု၊ ရေထု၊ လေထုကို တမင် ညစ်ညမ်း စေခြင်း၊ ရေစီးရေလာ ပျက်စီးစေခြင်း သို့မဟုတ် ရေတွင် အဆိပ်ခတ်ခြင်း၊ လျှပ်စစ်ဓာတ်အားကို ဖြတ်စီးစေခြင်းနှင့် ဓာတုဗေဒပစ္စည်း သို့မဟုတ် ပေါက်ကွဲစေတတ်သောအရာများ အသုံးပြု ခြင်း၊
(င) သဘာဝထိန်းသိမ်းနယ်မြေအတွင်း အဆိပ်အတောက်ဖြစ်စေသော ပစ္စည်းကိုဖြစ်စေ၊ ဓာတ်သတ္တုအညစ်အကြေးကိုဖြစ်စေ လက်ဝယ်ထားခြင်း သို့မဟုတ် စွန့်ပစ်ခြင်း၊
(စ) တိရစ္ဆာန်ဥယျာဉ် သို့မဟုတ် ရုက္ခဗေဒဥယျာဉ်ကို လုပ်ငန်းလိုင်စင်မရှိဘဲ တည်ထောင် လုပ်ကိုင်ခြင်း၊
(ဆ) ကွန်ဗင်းရှင်း၏ စီမံအုပ်ချုပ်မှု အခွင့်ရပုဂ္ဂိုလ်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသူက ထုတ် ပေးသော စာရွက်စာတမ်း၊ အမှတ်အသား၊ အချက်အလက်နှင့် ကိန်းဂဏန်းများကို မသမာသော နည်းဖြင့် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် အတုအပပြုလုပ်ခြင်း၊
(ဇ) နိုင်ငံတကာကုန်သွယ်မှုတွင် ကာကွယ်ထိန်းချုပ်သည့် တိရစ္ဆာန်နှင့် အပင်များ၊ ယင်းတို့၏ မျိုးစိတ်နမူနာများ၌ ပြုလုပ်ထားသောအမှတ်အသားကို ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးစေခြင်း၊
(ဈ) ပြည်ပမျိုး တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကိုဖြစ်စေ၊ ယင်းတို့၏ အစိတ်အပိုင်း ကိုဖြစ်စေ၊ ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထားသော ပစ္စည်းကိုဖြစ်စေ ခွင့်ပြုချက်မရှိဘဲ တင်သွင်းခြင်း၊ မွေးမြူခြင်း၊ စိုက်ပျိုးခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်း။