အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသော နိုင်ငံသားများသည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည် -
(က) ရွေးကောက်တင်မြှောက် ခံနိုင်ရေးအတွက် အမည်စာရင်းတင်သွင်းလွှာ တင်သွင်းချိန်တွင် -
(၁) အသက် ၂၅ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သူ၊
(၂) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည့်အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သူ၊
ခြွင်းချက်။ နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့်ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်။
(၃) သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင်ပါဝင်သူ။
(ခ) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူ၊
(ဂ) အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်သူ၊
ရှင်းလင်းချက်။ အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်သူဆိုသည်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခြင်းမရှိသော်လည်း အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်အားလုံးကို သင်ယူပြီးမြောက် ခဲ့သူကိုဆိုသည်။
(ဃ) နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များ ကင်းရှင်းသူ။
(င) ဤဥပဒေတွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ။