အမှုဆောင်အရာရှိချုပ် ခန့်ထားခြင်းနှင့် ဝန်ဆောင်မှုစည်းကမ်းချက်များ
(က) ဒါရိုက်တာအဖွဲ့သည် ဤဥပဒေနှင့် သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့ စည်းမျဉ်းများနှင့်အညီ ဘဏ်၏ အမှုဆောင်အရာရှိချုပ်ကို ခန့်အပ်ရမည်။
(ခ) ဘဏ်က ပုဒ်မ ၇၆၊ ပုဒ်မခွဲ (ဃ) ကို လိုက်နာမှုမရှိဘဲ မည်သူ့ကိုမျှ အမှုဆောင်အရာရှိချုပ် အဖြစ် အမည်စာရင်းတင်သွင်းခြင်း သို့မဟုတ် ခန့်အပ်ခြင်းမပြုရ။
(ဂ) ဗဟိုဘဏ်သည် ဘဏ်ကအမှုဆောင်အရာရှိချုပ်ခန့်အပ်ရန် ရည်ရွယ်ကြောင်း အကြောင်းကြားစာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဘဏ်၏ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း သို့မဟုတ် အတည်ပြုရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ဃ) ပုဒ်မခွဲ (ဂ)အရ ဗဟိုဘဏ်၏ အတည်ပြုရန် ငြင်းပယ်ကြောင်း အကြောင်းကြားချက်ကို မကျေနပ် သူတစ်ဦးဦးသည် ထိုအကြောင်းကြားစာ လက်ခံရရှိသည့်နေ့မှ ၁၅ရက်အတွင်း ဗဟိုဘဏ်သို့ အယူခံနိုင် သည်။
(င) ပုဒ်မခွဲ (ဃ)အရ အယူခံမှုကို လက်ခံရရှိသည့်အခါ ဗဟိုဘဏ်သည် လက်ခံရရှိသည့် နေ့မှရက်ပေါင်း ၃၀ အတွင်း အမည်စာရင်းတင်သွင်းခြင်း သို့မဟုတ် ခန့်အပ်ခြင်းကို အတည်ပြုခြင်း သို့မဟုတ် အယူခံ ကိုပယ်ချခြင်း ပြုနိုင်သည်။
(စ) ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်စေရမည်။