ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင်ဖြစ်စေ၊ ကလေးသူငယ်တရားရုံးရှေ့မှောက်တွင်ဖြစ်စေ၊ တရားရုံး တစ်ခုခုတွင်ဖြစ်စေ ပြစ်မှုကျူးလွန်ခြင်းခံရသော ကလေးသူငယ်များ၊ သက်သေအဖြစ်ထွက်ဆိုသော ကလေးသူငယ်များနှင့်ပတ်သက်၍-
(က) ထိုကလေးသူငယ်များသည် ဤဥပဒေပါအခွင့်အရေးများအပြင် အောက်ပါအခွင့်အရေးများကို ခံစားခွင့်ရှိသည်-
(၁) တစ်ဦးချင်း လွတ်လပ်လုံခြုံမှုကို ကာကွယ်စောင့်ရှောက်မှုရရှိခွင့်၊
(၂) ကလေးသူငယ်နှင့် သင့်လျော်သော ပတ်ဝန်းကျင်တွင် တွေ့ဆုံမေးမြန်းပြီး သက်သေအဖြစ် ထွက်ဆိုခွင့်၊
(၃) မည်သည့် မှုခင်းကိုမဆို နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ကြားနာစစ်ဆေးပေးမှုခံယူရရှိခွင့်၊
(၄) အလေးဂရုပြုမှုဖြင့် ဆက်ဆံမှုရရှိခွင့် အသက်အရွယ်နှင့် သင့်လျော်သောရိုးရှင်းသည့်စကား အသုံးအနှုန်းဖြင့် မေးခွန်းများမေးမြန်းဖြေကြားခွင့်၊
(၅) ကိုယ်တိုင်ထွက်ဆိုနိုင်ခြင်းမရှိသော မသန်စွမ်းကလေးသူငယ်အတွက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူကနှုတ်ဖြင့်ဖြစ်စေ၊ လက်သင်္ကေတပြ ဘာသာစကားဖြင့်ဖြစ်စေ၊ အခြားနားလည်လွယ်သည့် အမူအရာဖြင့်ဖြစ်စေ ကိုယ်စားပါဝင်ဆောင်ရွက်နိုင်ခွင့်။
(ခ) ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာအထောက်အပံ့နှင့် အခြားအကူအညီများရရှိရေးအတွက်သတင်း အချက်အလက်များကို မိဘ၊ အုပ်ထိန်းသူ၊ ဆွေမျိုး၊ မိတ်ဆွေ သို့မဟုတ် ကူညီစောင့်ရှောက်သူထံ ကူညီ ဖြည့်ဆည်းပေးပိုင်ခွင့် ရရှိစေရမည်။
(ဂ) ကလေးသူငယ်များအား စစ်ဆေးရာတွင်-
(၁) ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုစေဘဲ မှန်ကန်စွာထွက်ဆိုပါမည်ဟု ကတိသစ္စာပြုစေပြီးစစ်မေးရမည်။
(၂) ရှုပ်ထွေးသောမေးခွန်း၊ တစ်ဆက်တည်းမေးခွန်းနှင့် မလိုအပ်ဘဲ ထပ်ဆင့်မေးခွန်းများမေးမြန်းခြင်း မပြုရ။
(၃) သက်သေခံအက်ဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ မိမိသက်သေအား အဓိကစစ်မေးခြင်းနှင့် အခြားတစ်ဘက်မှ ပြန်လှန်စစ်မေးပြီးနောက် ပြန်လည်စစ်မေးခြင်းပြုရာတွင်လည်းကောင်း၊ အခြား တစ်ဘက်မှအမှုသည်၊ မိဘ၊ အုပ်ထိန်းသူ၊ ဆွေမျိုး၊ ကူညီသူ သို့မဟုတ် ရှေ့နေက ပြန်လှန်စစ်မေးခြင်း ပြုရာတွင်လည်းကောင်း နိမိတ်ပြမေးခွန်းကို မေးမြန်းခြင်းမပြုရ။
(ဃ) မည်သူမျှ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသောကလေးသူငယ် သို့မဟုတ် မှုခင်းတွင် သက်သေ အဖြစ် ပါဝင်နေသော ကလေးသူငယ်သည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် မှုခင်းသတင်းအချက်အလက်များ ရယူခြင်း၊ ထည့်သွင်းခြင်းနှင့် ကြော်ငြာခြင်း၊ ကလေးသူငယ်ကို ဓာတ်ပုံရိုက်ခြင်း၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် စာအုပ်စာတမ်းများတွင် ထည့်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ အသုံးပြုခြင်းမပြုရ သို့မဟုတ် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် လူမှုဆက်သွယ်ရေးနည်းလမ်းများတွင် ထုတ်လွှင့်ခြင်း မပြုရ။
(င) ပြစ်မှုကျူးလွန်ခြင်းခံရသော ကလေးသူငယ်များ၊ သက်သေအဖြစ်ထွက်ဆိုသော ကလေးသူငယ်များ နှင့် ဆက်နွှယ်ပတ်သက်သူများသည် ကလေးသူငယ်မှုခင်းကိစ္စကို ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်ထားရှိ ရမည်။