ရဲအရာရှိသည် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်ကို ဖမ်းဆီးလျှင်-
(က) မိမိ မည်သူမည်ဝါဖြစ်ကြောင်း ကောင်းမွန်စွာ ပြောကြားရမည်။
(ခ) ကလေးသူငယ်နားလည်နိုင်သော ရိုးရှင်းသည့် စကားအသုံးအနှုန်းဖြင့် ဖမ်းဆီးရသည့် အကြောင်းရင်းနှင့် ၎င်းအား စွပ်စွဲထားသော ပြစ်မှုတို့ကို ရှင်းလင်းပြောကြားရမည်။
(ဂ) ခြိမ်းခြောက်ခြင်း၊ အဓမ္မအနိုင်အထက်ပြုခြင်း သို့မဟုတ် မလိုအပ်ဘဲ အင်အားသုံးခြင်း၊ နှိပ်စက် ညှဉ်းပန်းခြင်း၊ ရက်စက်ခြင်း သို့မဟုတ် လူမဆန်စွာပြုမူခြင်းစသည့် အပြုအမူများကို ရှောင်ရှားရမည်။
(ဃ) လက်ထိတ်ခတ်ခြင်း၊ ကြိုးဖြင့်ဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ ချည်နှောင်ခြင်းမပြုရ။
(င) မည်သည့်အကြောင်းနှင့်မျှ ကလေးသူငယ်ကို ရဲအချုပ်တွင် ချုပ်နှောင်ထားခြင်း မပြုရ။
(စ) လူကြီးအကျဉ်းသားများနှင့်အတူ ရောနှော၍ထားရှိခြင်းမပြုရ။ မိန်းကလေးဖြစ်ပါက အမျိုးသမီး အစောင့်အရှောက်ဖြင့်သာ ထားရှိရမည်။
(ဆ) သက်ဆိုင်သော မိဘ သို့မဟုတ် အုပ်ထိန်းသူထံချက်ချင်း သို့မဟုတ် ဆောလျင်စွာ အသိပေး အကြောင်းကြားရမည်။ မိဘ၊ အုပ်ထိန်းသူ၊ ဆွေမျိုးနှင့်လည်းကောင်း၊ ရှေ့နေနှင့်လည်းကောင်း ကလေး သူငယ်ကို တွေ့ဆုံခွင့်ပြုရမည်။
(ဇ) ကျူးလွန်သော ပြစ်မှုနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီသာမေးမြန်းရမည်။
(ဈ) အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်းမပြုပါက ကလေးသူငယ်ကို သက်ဆိုင်ရာ ကလေးသူငယ်တရားရုံးသို့ ဆောလျင်စွာ တင်ပို့ရမည်။
(ည) ပုဒ်မခွဲ (ဈ)အရ ကလေးသူငယ်တရားရုံးသို့ ဆောလျင်စွာ တင်ပို့ခြင်း မပြုနိုင်ပါက ကလေး သူငယ်ကို ကောင်းမွန်စွာကျင့်ကြံနေထိုင်ရန် ခံဝန်ချုပ်ချုပ်ဆိုစေပြီး လွှတ်ပေးရမည်။ ထိုသို့ ခံဝန်ချုပ်ဖြင့် လွှတ်ပေးခြင်းမပြုနိုင်ပါက ယာယီစောင့်ရှောက်ရေးဂေဟာ သို့မဟုတ် အခြားသင့်တော်သော နေရာသို့ ပို့ဆောင်ရမည်။
(ဋ) ကလေးသူငယ်အသက်အရွယ်ကို သတ်မှတ်ရန် အသက်နှင့်စပ်လျဉ်းသည့် အထောက်အထားများ ရယူထားရမည်။