ပုဒ်မ ၁၀၀
ပုဒ်မ ၁၀၀
ပြစ်မှုနှင့် ပြစ်ဒဏ်များ

(က) မည်သူမဆို ကလေးသူငယ်အား အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်းပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်လမှ အများဆုံး ခြောက်လအထိထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် တစ်သိန်းမှ အများဆုံးကျပ်သုံးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်-

(၁) အရက်၊ ဘီယာ ဝယ်ခိုင်းခြင်း၊ ရောင်းချခြင်း၊ သောက်ရန် တိုက်တွန်းခြင်း သို့မဟုတ် သောက်ရန် ခွင့်ပြုခြင်း၊

(၂) မိဘဆွေမျိုးမပါဘဲ ကပွဲ (dayclub၊ nightclub)၊ ကာရာအိုကေ သို့မဟုတ် အနှိပ်ခန်းတွင် ဝင်ရောက်ခွင့်ပြုခြင်း၊

(၃) စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊

(၄) ရိုက်နှက် ပြစ်ဒဏ်ပေးခြင်း၊

(၅) ရုပ်ပိုင်းဆိုင်ရာ နှိပ်ကွပ်အနိုင်ကျင့်ခြင်း။

(ခ) မည်သူမဆို အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးနှစ်လမှ အများဆုံးကိုးလအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် နှစ်သိန်းမှ အများဆုံးကျပ် လေးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်ရမည်-

(၁) ကလေးသူငယ်အား လောင်းကစားရန် သွေးဆောင်ခြင်း၊ တိုက်တွန်းခြင်း သို့မဟုတ် အားပေး ကူညီခြင်း၊

(၂) ကလေးသူငယ်ထံမှ ပစ္စည်းတစ်စုံတစ်ရာကို အပေါင်ခံခြင်း၊ ကလေးသူငယ်က ပစ္စည်းပေါင်နှံ သည်ကို အားပေးကူညီခြင်း။

(၃) ကောင်းသော အသက်မွေးဝမ်းကျောင်းအဖြစ်ဖြင့် ဈေးရောင်းသူ ကလေးသူငယ်ထံမှ ပစ္စည်းကို ဝယ်ယူခြင်းမှတစ်ပါး ကလေးသူငယ်ရောင်းချသည့် ပစ္စည်းတစ်ခုခုကိုဝယ်ယူခြင်း။

(ဂ) မည်သူမဆို အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး သုံးလမှ အများဆုံး တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်ရမည်-

(၁) ကလေးသူငယ်အား သင်တန်းကျောင်း၊ ပရဟိတဂေဟာ၊ ယာယီစောင့်ရှောက်ရေးဂေဟာ၊ မိဘ၊ အုပ်ထိန်းသူ သို့မဟုတ် ပြုစုစောင့်ရှောက်သူထံမှ ထွက်ပြေးလွတ်မြောက်ရန် သွေးဆောင်ခြင်း၊ အကူအညီပေးခြင်း၊ ထွက်ပြေးလွတ်မြောက်လာသည့် ကလေးသူငယ်ဖြစ်သည်ကို သိလျက်နှင့် လက်ခံခြင်း၊ ဝှက်ထားခြင်း သို့မဟုတ် မူလနေရာသို့ ပြန်မသွားရန် တားဆီးပိတ်ပင်ခြင်း၊

(၂) ကလေးသူငယ်၏ လိင်ပိုင်းဆိုင်ရာနှင့်စပ်လျဉ်းသည့် ခန္ဓာကိုယ် အစိတ်အပိုင်းအားထိတွေ့ပွတ်သပ် ကိုင်တွယ်ခြင်း။