ပုဒ်မ ၂၁
ပုဒ်မ ၂၁
ကလေးသူငယ်၏အခွင့်အရေးများ

မွေးဖွားသည့် ကလေးသူငယ်အား မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍-

(က) နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ မွေးဖွားခြင်းကို အခမဲ့မှတ်ပုံတင်ခွင့်ရှိသည်။

(ခ) ဆေးရုံ သို့မဟုတ် သားဖွားခန်း၌ ကလေးမွေးဖွားပြီးလျှင်ဖြစ်စေ၊ အခြားနေရာတစ်ခုခုတွင် မွေးဖွားပြီးလျှင်ဖြစ်စေ မိဘ၊ အုပ်ထိန်းသူ သို့မဟုတ် သင့်လျော်သူ တစ်ဦးဦးသည် သတ်မှတ်ချက်များ နှင့်အညီ သက်ဆိုင်ရာအစိုးရဌာနသို့ မွေးဖွားခြင်းကို မှတ်ပုံတင်ရန် အကြောင်းကြားရမည်။

(ဂ) သက်ဆိုင်ရာ အစိုးရဌာနသည် မွေးဖွားသည့် ကလေးသူငယ်နှင့် ကလေးမွေးဖွားခြင်းမှတ်ပုံတင် စာအုပ်တွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်၍ ကလေးမွေးဖွားခြင်း မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမည်။

(ဃ) ကလေးမွေးဖွားခြင်းကို မှတ်ပုံတင်ထားခဲ့ခြင်း မရှိသည့်ကိစ္စတွင် ကလေးမွေးဖွားခဲ့ကြောင်း သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာဆေးရုံ သို့မဟုတ် သားဖွားခန်း၏ တာဝန်ခံပုဂ္ဂိုလ်က ထုတ်ပေးသည့်မွေးစာရင်း သက်သေခံ လက်မှတ်ပူးတွဲ၍ဖြစ်စေ ကလေးမွေးဖွားကြောင်း ကလေးသူငယ်၏ မိဘ၊ အုပ်ထိန်းသူ သို့မဟုတ် သင့်လျော်သူတစ်ဦးဦးက သက်ဆိုင်ရာအစိုးရဌာနသို့ အကြောင်းကြားပြီး မွေးဖွားမှုမှတ်ပုံတင်ရမည်။ ထိုကလေးမွေးဖွားကြောင်း မှတ်ပုံတင်ခြင်းသည် ကလေးသူငယ်၏အသက်အတွက် သက်သေအထောက် အထားဖြစ်သည်ဟု မှတ်ယူရမည်။